အိပ်မက် ဟာ အိပ်မက်

ညက အစောကြီး အိပ်ပျော်သွား၏။ ည 8 နာရီလောက် ထင်ပါရဲ့။ Phone ကြည့်နေရင်းက အိပ်ချင်လာလို့ အိပ်လိုက်၏။ 12 နာရီလောက်မှာ နိုးလာ၏။ တော်တော်နဲ့ ပြန်အိပ်မရတော့ပေ။ တစုံတယောက်ကို အိပ်မက်နေရာမှ နိုးလာခဲ့ခြင်း ဖြစ်၏။ တအားရင်းနှီးသူ မဟုတ်သလို သူစိမ်းလည်း မဟုတ်ပေ။ ပတ်သက်ဖို့ ကြိုးစားခဲ့ဖူးသူ တယောက်လို့ ပြောရမည်ထင်။ ကျနော့်ဖက်ကနေပေါ့။

အချစ်ကို မည်သို့ အဓိပ္ပာယ် ဖွင့်ဆိုမည်နည်း။ အဖြေကို အရင်က သိသည်ဟု ထင်ခဲ့ပေမယ့် ခု ပြန်စဉ်းစားတော့ မဖြေတတ်တော့ပေ။ ဖြေဖို့ စဉ်းစားနေရင် အချစ် မဟုတ်တော့ဘူးလို့ ပြောရလေမလား။ အမှန်က ဒီလိုပါ။ အရင်ချိန်တွေမှာ သိတယ်ဆိုတာက အချစ်နဲ့ ထိတွေ့နေရတာကိုး ခုက အချစ်နဲ့ ဝေးကွာနေတာ ကြာပေါ့။ ချစ်တတ်သေးရဲ့လားလို့ ကိုယ့်ကိုတောင် ပြန်မေးယူရမယ့် အဖြစ်။

အိပ်မက် မက်ပုံက အဆန်း။ Love sense မဟုတ်ဘူး။ ချစ်သူ နှစ်ဦး တစ်တီတူးနေတာမျိုး မဟုတ် ဒီအတိုင်း သာမန် တွေ့ဆုံမှု ပုံစံမျိုး။ သာမန် တွေ့ဆုံမှု ဆိုပေမယ့် မမြင်တာ မဆုံတာကြာလို့ ပြန်ဆုံတွေ့ဖြစ်တဲ့ ပုံစံမျိုး။ မဆုံတာ ကြာပေမယ့် ပြန်တွေ့ချိန်မှာ စိမ်းကားမနေဘူး။ အိုးတိုးအမ်းတမ်း မဖြစ်နေဘူး။ လွမ်းနာကျနေတာမျိုး မဖြစ်နေဘူး။ ရင်းနှီးတဲ့ ပတ်ဝန်းကျင် လေထုမှာ ကိုယ့်ဖက်က ရင်းနှီးဖို့ ကြိုးစားခဲ့ဖူးတဲ့ သူနဲ့ ပြန်ဆုံတွေ့တာမျိုး။

ထပ်ပြီး ထူးဆန်းတာက အိပ်မက်ကို အိပ်မက်ထဲမှာ ထပ်မက်နေတာမျိုး။ အိပ်မက် မက်နေတာပဲဆိုပြီး အိပ်မက်ထဲမှာ နိုးလာတယ်။ အိပ်မက် ဆက်မယ်တယ်။ နောက်မှ တကယ်နိုးလာတယ်။ ရှုပ်သွားပလား။ သူသူ ကိုယ်ကိုယ် ခုလို အိပ်မက်ကို အိပ်မက်ထဲ ထပ်မက်လေ့ ရှိတတ်တာပဲလေ။ ဝိုင်ဝိုင်း သီချင်းလေးတောင် ရှိသေးတာပဲ။

အိပ်မက်မှာ လွမ်းနေတာမျိုး မရှိ၊ မတွေ့ရဘူး။ ဒါပေမယ့် အော် အိပ်မက်ပါလားဆိုပြီး အိပ်မက်ထဲ အိပ်မက် ဆက်မက်တဲ့အချိန်မှာ သတိတွေရပါလေရော။ အိပ်မက်ထဲမှာ အတိတ်ကို ပြန်စဉ်းစား သတိရမိနေတာများ ကာလတွေ အများကြီးကို flash လို ပြေးလွှား သွားပုံပဲ။ လူမမောဘူး စိတ်ကြီးမောသွားတယ်။ ဒါပေမယ့် အဲ့တာက အိပ်မက်ထဲမှာ။ တကယ် အပြင်မှာ နိုးလာတော့ စိတ်မမောနေဘူးရယ်။ သတိပဲ ရတယ်။

သူမနဲ့ ပတ်သက်တာ မှန်သမျှ တွေကို သတိရတာ။ အချိန်၊ နေရာ၊ အစားအ‌သောက်၊ ပတ်ဝန်းကျင်၊ သူငယ်ချင်း အစရှိသဖြင့်ပေါ့။ ကျနော်က သတိရမိရင် အဲ့လို series လိုက်ကို သတိ ရတတ်တာမျိုး။ သတိရမှတော့ အတိတ်ကို တွေးမိပြီပေါ့။ ဟို ဒုတိယ အိပ်မက်မှာလိုပဲ။ အိပ်မက်ထဲမှာက အရာရာကို မြန်မြန်ဆန်ဆန်နဲ့ ခရေစေ့တွင်းကျ revision ပြန်လိုက်ရသလို ဖြစ်နေပေမယ့် လက်တွေ့မှာက ခက်ခဲနေပြန်ရော။ Detail လည်း မကျသလို အစီအစဉ်လည်း မကျနဲ့ရယ်။ အဓိကက ဘဝင်မကျ နေတာပေါ့။

ဘဝင်မကျတော့ ပြန်အိပ်လို့ မရတော့ဘူးလေ။ သူမ နေကောင်းနေရဲ့လား၊ ကျန်းမာနေရဲ့ လား၊ ပျော်ရွှင်နေရဲ့လား၊ အရင်လို ပြုံးပြုံးပျော်ပျော်ပဲလား။ သူမလည်း တခါတလေတော့ ကျနော့်ကို အိပ်မက် မက်မယ် ထင်ပါရဲ့။ အကယ်လို့ သူမ ကျနော့်ကို အိပ်မက် မက်ခဲ့မယ် ‌ဆိုရင်လည်း ဘဝင်ကျ နိုင်ဖို့ မျှော်လင့်မိပါရဲ့။ အအိပ်ခက် ညတွေကို သူမကို မရ၊ မကြုံစေချင်ဘူးရယ်။

(photos created by Canva)



0
0
0.000
0 comments